မြ၀တီမြို့ရှိ သောင်းရင်းမြစ်ရေအခြေနေ ရေကင်းများချကာ စောင့်ကြည့်နေရ

မြ၀တီမြို့ရှိ သောင်းရင်းမြစ်ရေအခြေနေ ရေကင်းများချကာစောင့်ကြည့်နေရ


♒♒♒♒♒♒♒♒♒♒♒♒♒♒♒♒
#3.8.2019

#ကျောက်လုံးကြီး ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ ၃၈၆ ဦးရောက်ရှိ

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့တွင် သောင်းရင်းမြစ်ရေတိုးလာကာ စိုးရိမ်ရေအမှတ်ကျော်လွန် လာမှုကြောင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၈၃) စုမှ လူဦးရေ (၃၈၆) ဦး ကျောက်လုံးကြီး ရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီ ခိုလှုံနေရကြောင်း သိရသည်။

“ရေထပ်တက်လာမယ်ဆိုရင် အရေးပေါ်ရွေ့ပြောင်းဖို့ ကယ်ဆယ်ရေးအဖွဲ့တွေစုဖွဲ့ထားတယ်။ ရိက္ခာလိုအပ်ရင်လည်း ထောက်ပံ့နိုင်အောင်စီစဉ်ထားတာရှိပါတယ်။ ဒီနှစ်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ လောက်မဆိုးသေးပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရေကင်းတွေစောင့်သွားဖို့ရှိတယ်”ဟု ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သောင်းရင်းမြစ်ရေမြင့်တက် လာသဖြင့် မြ၀တီမြို့အနိမ့်ပိုင်းတွင်ရှိသည့် အမှတ်(၂) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့မှ ရေဘေးသင့် အိမ်ထောင်စုများ သြဂုတ်လ ၁ ရက်နေ့မှစတင်၍ လာရောက် ခုံလှုံနေခြင်းဖြစ်သည်။

“သောင်းရင်းမြစ်ရေကတော့ ပြန်ဆင်းသွားပြီခင်ဗျ၊ ညတုန်းကတော့ ၅၅၀ စင်တီမီတာလောက်အထိ တက်လာတယ်၊ အဖွဲ့တွေအားလုံးစောင့်ကြည့်နေပါတယ်”ဟု မြစ်ရေအခြေနေစောင့်ကြည့်နေသည့် မြ၀တီမြို့ခံတစ်ဦးဖြစ်သူ ဒေါက်တာကိုကိုအောင်က ပြောသည်။

မြ၀တီမြို့ရှိသောင်းရင်းမြစ်၏ စိုးရိမ်ရေအမှတ်မှာ (၄၆၃) စင်တီမီတာဖြစ်ပြီး ယမန်နေ့က (၅၅၆) စင်တီမီတာထိတက်ခဲ့ပြီးနောက် ယနေ့(သြဂုတ်လ ၃ ရက်)နေ့လည်ပိုင်းတွင် (၅၁၈) စင်တီမီတာသို့ ပြန်လည်ကျဆင်း လာသော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ရှိနေဆဲဖြစ်သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကအကျဆုံး နယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင် သောင်းရင်းမြစ်ရေ လျှံမှုကို မကြာခဏ ခံစားရလေ့ရှိပြီး ၂၀၁၃ ခုနှစ်တွင် မြ၀တီမြို့လည် အထိရေကြီးနစ်မြုပ်ခဲ့ကာ ၂၀၁၇ ခုနစ်တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ခဲ့ဘူးသည်။

သတင်း - ကိုကို

ဓာတ်ပုံ - ကိုကိုအောင်ဖေစ့်ဘွတ်ခ်
#The_Standard_Time_Daily

Comments