အိမ်ပြေး ခင်ပွန်းသည်ကို (၃) နှစ်ကြာမှ TikTok ကနေ ပြန်တွေ့ခဲ့တဲ့ အမျိုးသမီး

အိမ်ပြေး ခင်ပွန်းသည်ကို (၃) နှစ်ကြာမှ TikTok ကနေ ပြန်တွေ့ခဲ့တဲ့ အမျိုးသမီး

အိန္ဒိယနိုင်ငံမှ တမီလ်နာဒူပြည်နယ်မှာရှိတဲ့ ကရစ်ရှနဂီရိမြို့လေးဟာ ထူးထူးဆန်းဆန်းအရာတွေ မကြာခဏဖြစ်လေ့ရှိတဲ့ နေရာတစ်နေရာပါ။ အခုတစ်ခေါက်လည်း မိသားစုတစ်စုတွင်းက ကြုံရခဲတဲ့ အဖြစ်အပျက်တစ်ခုကို သိခဲ့ရပါတယ်။ ကရစ်ရှနဂီရိမြို့မှာနေထိုင်သူ ဂျယာပရာဒါအမည်ရ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခင်ပွန်းသည်နဲ့ (၃) နှစ်ကြာကွဲကွာနေပြီးကာမှ မမျှော်လင့်ပဲ TikTok ကနေတဆင့် ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Insider သတင်းဌာနက ဖော်ပြသွားခဲ့တာပါ။

သူမခင်ပွန်းနာမည်က ဆူရက်ရှ်ပါ။ လွန်ခဲ့တဲ့ (၃) နှစ် (၂၀၁၆) တုန်းက သူမနဲ့ ဆူရက်ရှ်တို့ဟာ အိမ်ကိစ္စတစ်ခုနဲ့ စကားများကြပါတယ်။ ဆူရက်ရှ်က အရမ်းစိတ်ဆိုးသွားပြီး သူမနဲ့ ကလေးနှစ်ယောက်ကို ထားကာ အိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ်။ ဂျယာပရာဒါက ခင်ပွန်းသည်ကို နောက်ရက်တွေမှာ ရဲတိုင်ပြီး လိုက်ရှာခဲ့ပေမယ့် အချည်းနှီးပါပဲ။ ဆူရက်ရှ်က သတင်းအစအနတောင် ရှာမရပဲ လုံးလုံး အစပျောက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အချိန်သုံးနှစ်ကြာပြီး တစ်နေ့မှာတော့ မကုန်သေးတဲ့ရေစက်က ပြန်လည်ဆုံတွေ့ဖို့ အကြောင်းဖန်လာတယ် ထင်ပါတယ်။ ဂျယာပရာဒါနဲ့ ဆွေမျိုးနီးစပ်တစ်ယောက်က အွန်လိုင်းသုံးရင်း TikTok ဗီဒီယိုတိုလေးတစ်ခုမှာ ဆူရက်ရှ်ကို သွားတွေ့လိုက်ပါတယ်။ နောက်တော့သိရတာက ဆူရက်ရှ်ဟာ ဟိုဆူးမြို့မှာ မက္ကင်းနစ်တစ်ယောက်အဖြစ် အလုပ်လုပ်နေပြီး လိင်ပြောင်းအမျိုးသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတာကိုပါ။

ဒါနဲ့ ဂျယာပရာဒါဟာ ရဲတွေကို အကြောင်းကြားပြီးတဲ့အခါမှာတော့ ရဲတွေဟာ ဆူရက်ရှ်နောက်ကို လိုက်ကြပါတော့တယ်။ ဆူရက်ရှ်ဟာ ကရစ်ရှနဂီရိမြို့ဆီပြန်လာခဲ့ပြီးတဲ့နောက် လင်မယားနှစ်ယောက် ပြန်ဆုံတွေ့ခဲ့ကြပါတယ်။ တကယ်တော့လည်း ကျေးဇူးတင်ရမှာက TikTok ဗီဒီယိုထဲ ဆူရက်ရှ်ဘေးမှာ တွေ့ရတဲ့ လိင်ပြောင်းအမျိုးသမီးကြောင့် ဖြစ်ပါတယ်။ ဗီလူပူရမ်မှာရှိတဲ့ လိင်ပြောင်းအဖွဲ့အစည်းတစ်ခုရဲ့ အကူအညီနဲ့ ထိုအမျိုးသမီးဘယ်သူဆိုတာလဲမေး၊ ပြီးတော့မှ ကွင်းဆက်လိုက်ရင်း ဆူရက်ရှ်က ဘယ်မြို့ရောက်နေတယ်၊ ဘာအလုပ်လုပ်နေတယ်ဆိုတာ သိခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆူရက်ရှ်ဟာ ဂျယာပရာဒါနဲ့ ပြန်တွေ့ခဲ့ပြီး မိသားစုလေး ပြန်လည်တည်ဆောက်နေပြီလို့ သိရပါတယ်။

Comments