(၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အကြံပြုချက်များမှ ကောက်နုတ်ချက်

(၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အကြံပြုချက်များမှကောက်နုတ်ချက်




၁။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အချိုးအစား

လက်ရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းအား အဆင့် (၃) ဆင့်ဖြင့် အောက်ပါအတိုင်း လျော့ချမည်

(၂၀၂၁-၂၀၂၆) ခုနှစ် အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၁၅) ရာခိုင်နှုန်း

(၂၀၂၆-၂၀၃၁) ခုနှစ် အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၁၀) ရာခိုင်နှုန်း

(၂၀၃၁-၂၀၃၆) ခုနှစ် အတွင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၅) ရာခိုင်နှုန်း

NLD ပါတီ၏ ပြင်ဆင်ရန် အဆိုပြုချက် အောင်မြင်ပါက (၂၀၃၁) ခုနှစ် နောက်ပိုင်းတွင် လွှတ်တော်များ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅) ရာခိုင်နှုန်းသာ ရှိတော့မည်။

၂။ (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်) ဆိုသည့် ပုဒ်မ (၂၀) အပိုဒ်ခွဲ (ခ) ကို ပယ်ဖျက်ရန် NLD က အဆိုပြုသည်။

မွန်အမျိုးသားပါတီက အထက်ပါပုဒ်မ၏ အပိုဒ်ခွဲအား (နိုင်ငံတော် သမ္မတသည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ စစ်သေနာပတိချုပ် ဖြစ်သည်) ဟု ပြင်ဆင်ရန် အကြံပြုထားသည်။

(နိုင်ငံတော်၏ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွက်ကဲမှုအောက်တွင် ရှိရမည်) ဟု လက်ရှိ ပြဌန်းထားသည့် ပုဒ်မ (၃၃၈) နှင့်

(နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ ပုဒ်မ-၃၃၉) ကိုလည်း ပယ်ဖျက်ရန် NLD ပါတီက အဆိုပြုထားသည်။

၃။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ကျရောက်လာပါက လက်ရှိ ဖွဲ့စည်းပုံ ပုဒ်မ (၄၀) အပိုဒ်ခွဲ (ခ) အရ တပ်မတော်က တာဝန်ယူရသည်။

ယင်းပြဌန်းချက်အား ပြောင်းလဲရန် NLD ပါတီ၏ အကြံပြုချက်မှာ နိုင်ငံတော်၏ အရေးပေါ်အခြေအနေတွင် နိုင်ငံတော် သမ္မတက တာဝန်ပေးချက်ကို တပ်မတော်က တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။

၎။ နိုင်ငံတော် သမ္မတ၏ အရည်အသွေး ကန့်သတ်ချက်များ အနက်မှ သမ္မတ၏ အိမ်ထောင်ဖက်၊ သားသမီး ချွေးမ နှင့် သားမက်များသည် နိုင်ငံခြားသား မဖြစ်ရဟု ပြဌန်းထားသည့် နာမည်ကြီး ပုဒ်မ (၅၉) (စ) အား NLD က ပယ်ဖျက်ရန် အကြံပြုထားသည်။

၅။ ဖွဲ့စည်းပုံ ပုဒ်မ (၂၀၁) တွင် ပြဌန်းပါရှိသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ ဖွဲ့စည်းပုံအား ပြောင်းလဲရန် NLD က အကြံပြုထားသည်မှာ လက်ရှိ (တပ်တော်ဘက်မှ (၆) ဦး နှင့် ပြည်သူများမှ ရွေးချယ်သည့် အစိုးရနှင့် လွှတ်တော်ဘက်မှ (၅) ဦး)အစား

ပြည်သူများမှ ရွေးချယ်သည့် အစိုးရနှင့် လွှတ်တော်ဘက်မှ (၇) ဦးနှင့် တပ်မတော်ဘက်မှ (၅) ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အကြံပြုထားသည်။

၆။ ဖွဲ့စည်းပုံ ပုဒ်မဘ(၂၃၂) ကို ပြင်ဆင်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ခန့်အပ်သော ဝန်ကြီး (၃) ဦး (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ) သည် ဝန်ကြီးဖြစ်သည့်အချိန်တွင် တပ်မတော်မှ အငြိမ်းစား ယူရမည်ဟု NLD ပါတီက အကြံပြုသည်။

ယခု တည်ဆဲ ဥပဒေတွင် ကာချုပ်က ခန့်အပ်သော ဝန်ကြီးများသည် တပ်မတော် ရာထူးများမှ နုတ်ထွက်ရန် မလိုဘဲ ဝန်ကြီးတာဝန်ကို ပူးပွဲ ထမ်းဆောင်နိုင်သည်။

၇။ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်သည့် ပုဒ်မ (၄၃၆) အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ (မပါသော) ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ သုံးပုံ နှစ်ပုံ (၆၇) ရာခိုင်နှုန်း မဲဖြင့် ပြင်ဆင်နိုင်ရန် NLD ပါတီက အကြံပြုသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအား ပြင်ဆင်လိုပါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကပါ မဲပေးနိုင်ပြီး (၇၅) ရာခိုင်နှုန်းကျော်မှသာ ပြင်ဆင်နိုင်သည်။

၈။ NLD ပါတီက နိုင်ငံတော်အလံအား ပြောင်းလဲရန်လည်း အကြံပြုထားသည်။ အထက်ပါ NLD ပါတီက အဆိုပြုသော နိုင်ငံတော် အလံအသစ်သည် ယခင် လွတ်လပ်ရေးရပြီးခေတ်နှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ကျင့်သုံးခဲ့သော အလံများနှင့် ဆင်တူသည်။

(NLD ပါတီက အဆိုပြုထားသည့် နိုင်ငံတော်အလံအား အောက်တွင် ဓာတ်ပုံဖြင့် ဖော်ပြထားပါသည်)

ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်
(၁၅.၇.၂၀၁၉)

Comments