သတင်းမှားတင်ခဲ့သည့် Competitor (ခ) ပြိုင်ဘက်ဖေ့စ်ဘုတ်စာမျက်နှာကို လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ အမှုဖွင့်တိုင်ကြား

✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖✖
#26.7.2019
#မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ၄င်း၏ဓာတ်ပုံဖြင့် “နေပြည်တော်စည်ပင်ရိပ်သာတွင်နေထိုင်သည့် လွှတ်တော်ကိုယ်စားလှယ်တဦး သောက်စားမှုးယစ်ပြီး အခန်းအတွင်းဗုံးထောင်ထားသည့်ဟု ရဲစခန်း ဖုန်းဆက်သတင်းပို့ခဲ့” ခေါင်းစဉ်ဖြင့် သတင်းမှားရေးသားဖော်ပြခဲ့သည့် Competitor (ခ) ပြိုင်ဘက်ဖေ့စ်ဘုတ်စာမျက်နှာအား အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါလူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင် ၂၃ ရက်က “နေပြည်တော်စည်ပင်ရိပ်သာတွင်နေထိုင်သည့် လွှတ်တော်ကိုယ်စားလှယ်တဦး သောက်စားမှုးယစ်ပြီး အခန်းအတွင်းဗုံးထောင်ထားသည့်ဟု ရဲစခန်း ဖုန်း ဆက်သတင်းပို့ခဲ့” ဟူသောခေါင်စဉ်ဖြင့် ဦးမောင်မောင်ဆွေ၏ ဓာတ်ပုံနှင့်တကွ သတင်းတင်ခဲ့ခြင်း၊ “NLD ပါတီမှ တာဝန်ရှိသူများမှလည်း ထိုသို့ မူးယစ်သောက်စားမှုပြုလုပ်ခြင်းများအတွက် အရေးယူထားမှုခံရသည်”ဟု မဟုတ်မမှန် ရေးသားဖော့်ပြခဲ့ခြင်းများကြောင့် ကာယကံရှင် ဦးမောင်မောင်ဆွေက တရားလိုပြုလုပ်ကာ (ပ)၅၆/၂၀၁၉၊ ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် နေပြည်တော်၊ ကျည်တောင်ကန်နယ်မြေရဲစခန်းတွင် ဇူလိုင် ၂၅ ရက်ညပိုင်းက အမှုဖွင့်လှစ်ထား ကြောင်းသိရသည်။
၎င်းဖေ့စ်ဘုတ်စာမျက်နှာမှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာနေ ဦးအောင်ပိုင်မင်းက ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်စာမျက်နှာဖြစ်သည်ဟု တိုင်ကြားစာတွင် ပါရှိသည်။
ယင်းအပြင် အဆိုပါသတင်းမှားအား NLD ပါတီအမည်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာဂုဏ်သိက္ခာကျဆင်းစေသော စာသားများရေးသား၍ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်မံမျှဝေခဲ့သည့် The Police 199 ၊ နေပြည်တော်အသိုင်းအ၀ိုင်း၊ ထက်မွန်ကျော် အပါအ၀င် Facebook account ၁၀ ခုတို့အားလည်း အလားတူ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားသည်။
Competitor (ခ) ပြိုင်ဘက်ဖေ့စ်ဘုတ်စာမျက်နှာသည် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်ပတ်သက်သည့်သတင်းများကို ဇောင်းပေးဖော်ပြနေသည့်စာမျက်နှာဖြစ်သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းဖေ့စ်ဘုတ်စာမျက်နှာ၏ ဇူလိုင် ၂၃ ရက် တောင်းပန်ချက်တွင်“ယနေ့နံနက်ခင်းက ဖြစ်ပွားခဲ့သော နေပြည်တော် စည်ပင်ရိပ်သာ ဗုံးလန့်မှုအား အောင်ခန့်နိုင်အမည်ရှိလူတဦးမှ သတင်းအဖြစ်ပေးပို့လိုပါကြောင်း ဆက်သွယ်ပေးပို့လာရာ ကျွန်တော်များမှလည်း သတင်းမှန် ဟုတ်မဟုတ် တာဝန်ယူ တာဝန်ခံနိုင်မှု ရှိမရှိ လုပ်ထုံးလုပ်နည်းအတိုင်း စိစစ် မေးမြန်းရာ တာဝန်ခံနိုင်ကြောင်း၊ လူမှုကွန်ရက်တွင် သူကိုယ်တိုင်လည်းတင်ထားကြောင်း ပြောကြားခဲ့သဖြင့် ကူးတင်ခဲ့ပါသည်။ ယင်းသို့တင်ပြီးနောက် ညနေပိုင်းတွင် ဗုံးလန့်မှုဖြစ်စဉ်မှန်ကန်သော်ငြား သတင်းရေးသားသူ၏ ရေးသားသည့်အချက်အလက်ပိုင်းဆိုင်ရာတွင် သံသယဖြစ်ဖွယ် အငြင်းပွားမှုများ ပေါ်ပေါက်လာသဖြင့် မူလအရင်းအမြစ်ကို ထပ်မံစုံစမ်းပြီး အထောက်အထားတောင်းခံရာ မရရှိတော့ဘဲ အဆက်အသွယ် ဖြတ်တောက်သွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ အဖြစ်မှန်အပေါ် မဟုတ်မမှန်သော ရေးသားချက်များပါဝင်နေသည့်သတင်းအား ကာယကံရှင် နစ်နာစေမှုမရှိရန်အလို့ငှာ ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေအား ဖုန်းဆက်တောင်းပန်ပြီး ခွင့်တောင်းပြီးမှ ပို့စ်ဖျက်လိုက်ပါသည်။ မိမိတို့အနေဖြင့် မီဒီယာကျင့်ဝတ်အရ မှန်ကန်ကြောင်း အာမခံနိုင်သည့်သတင်းကိုသာ ရေးသားမျှဝေရမည်ဖြစ်ပါသဖြင့် အမှားအယွင်းရှိပြီဆိုသည့်အချိန်တွင် ကာယကံရှင်ကို အနူးအညွှတ်တောင်းပန်ခွင့်တောင်းပြီးမှ ဖျက်ခြင်းဖြစ်ပါသည်။ ကာယကံရှင်၏ ဆန္ဒအရ မိမိတို့စာမျက်နှာတွင် အနူးအညွှတ်တောင်းပန်ပါကြောင်း တင်ပြအပ်ပါသည်”ဟု ရေးသားထားသည်။
TCM၊ ထွန်း(နေပြည်တော်)
#News_Watch
**********************
အရက်သောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်က ရဲစခန်းသို့ ဖုန်းဆက်ကာ နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ဗုံးထောင်ထားကြောင်း ပြောကြားသည်ဟု ရေးသားခဲ့သည့် Competitor (ပြိုင်ဘက်မီဒီယာ) နှင့် Aung Paing Min အမည်ရှိ Facebook Account အပါအဝင် ထပ်မံဖြန့်ဝေသူ ၁၂ ဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်....
------------------------------
အရက်သောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ကရဲစခန်းသို့ ဖုန်းဆက်ကာ နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ဗုံးထောင်ထားကြောင်း ပြောကြားသည်ဟု ရေးသားခဲ့သည့် Competitor (ပြိုင်ဘက်မီဒီယာ) နှင့် Aung Paing Min အမည်ရှိ Facebook Account အပါအဝင် ထပ်မံဖြန့်ဝေသူ၁၂ ဦးအား နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေထံမှ သိရသည်။
“ဒီကနေ့ အမှုဖွင့်ဖြစ်တာက ၂၃ ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ကောလာဟလထွက်တဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ နေ့ခင်းလောက်မှာ Facebook Account တွေပေါ့။ ဥပမာ Competitor (ပြိုင်ဘက် မီဒီယာ)တို့ ပြီးတော့ ကိုအောင်ပိုင်မင်းတို့ အကောင့်တွေကနေပြီးတော့ ကျွန်တော့်ကို မဟုတ်မမှန်လုပ်ဇာတ်ခင်းပြီးတော့ လုပ်ကြံပြီးတော့ ရေးသားထားတာတွေနဲ့ပတ်သက်ပြီးတော့ ဒီစခန်းမှာ အမှုလာဖွင့်တာ” ဟု ဦးမောင်မောင်ဆွေက ပြောကြားသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး အမှုဖွင့်ခံရသူများမှာ Competitor (ပြိုင်ဘက်မီဒီယာ) ၊ Aung Paing Min အမည်ရှိ Facebook Account ၊ Aung Thura ၊ Aung Moe Kyaw ၊ Tun Htet Oo၊ နေပြည်တော်အသိုင်းအဝိုင်း၊ The Police 199 ၊ ၀ါဝါဖြိုး၊ Aung Khant Naing ၊ ထက်မွန်ကျော်၊ Zay Yar Thri Thri Facebook Account များဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါ Facebook Account များကို (ပ) ၅၆/ ၂၀၁၉၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့်အမှုဖွင့်ထားခြင်း ဖြစ်သည်။
ထို့ပြင် Aung Khant Hmuu (အချိန်ဆိုတာ နောက်ကြောင်းပြန်လို့ မရဘူး) Facebook Account သည် ‘မူးမူးရူးရူးမန္တလေးက အမတ်ထူး’ ဟုရေးသားပြီး Thura Kyaw Facebook Account မှ ‘ဒါကနောက်တစ်မျိုး တိုးလာပြီ NLD လွှတ်တော်အမတ်ထဲမှာ အရူးလည်းပါတယ်။ မူးယစ်သောက်စားပြီး ဗုံးထောင်ထားသည်ဟု ရဲစခန်းသို့ဖုန်းဆက်သည့် NLD အမတ်မှာ စိတ်ရောဂါသည်ဖြစ်နေ’ စသည့်ခေါင်းစဉ်များဖြင့် Post ကို ပြန်လည်ဝေမျှ၍လည်းကောင်း၊ Htay Win (ရေခဲ)(ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာမည်) Facebook Account ပိုင်ရှင်များက ‘ကောင်းရောကွာ ပြည်သူ့ကိုယ်စားပြုရွေးချယ်ထားတဲ့အမတ်က စောက်ရူးဆိုတော့ မဲပေးကြဦးဟ စောက်ရူးပါတီကို စောက်ပိန်း ၁၂ သန်းတို့ရေ’ ဟု ရေးသားပြီး ၎င်းအောက်တွင် ‘မူးယစ်သောက်စားပြီး ဗုံးထောင်ထားသည်ဟု ရဲစခန်းသို့ဖုန်းဆက်သည့် NLD အမတ်မှ စိတ်ရောဂါသည်ဖြစ်နေ’ စသည့်ခေါင်းစဉ်များဖြင့် ရေးသားခဲ့သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တရားလိုကတိုင်ကြားခဲ့ရာ ကျည်တောင်ကန်ရဲစခန်းက (ပ)၅၇/၂၀၁၉၊ နိုင်လွတ်/လုံပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယင်းကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက အမှုဖွင့်ထားသည်မှာ နှစ်မှုဖြစ်ပြီး အမှုများအားလုံးမှာ နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကာ အမှုဖွင့်ခံရသူ စုစုပေါင်းမှာ နှစ်မှုပေါင်းလျှင် Facebook Account နှင့် Pages ၁၄ ခုရှိကြောင်း သိရသည်။
ကျည်တောင်ကန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝေက “ပထမအမှုအနေ နဲ့က ၁၁ ဦးရှိတယ်။ နောက်တစ်မှုကျတော့ သူရကျော် Facebook Account ကနေပြီးတော့ ပို့စ်ကိုကူးပြီးတော့မှ ထပ်ပြီးတော့ သူတို့ကလည်း ညှိုးနွမ်းစေတဲ့စာသားတွေ ထပ်တင်တယ်။ ဒါကြောင့်မို့ ထပ်တင်တဲ့အောင်ခန့်မှူးရယ်၊ သူရကျော်ရယ်၊ ဌေးဝင်းသုံးဦးကို (ပ)၅၇ နိုင်လွတ် /လုံ ၁၀ နဲ့ အမှုထပ်ဖွင့်ထားပါတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ရဲစခန်းသို့တိုင်ကြားချက်နှင့်ပတ်သက်ပြီး Aung Paing Min (ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာ နဂါးရုံဘုရားအနီးနေသူ၊ (ဘ) စိစစ်ဆဲ) အကောင့်၏ နေရပ်ကိုသာသိရှိထားပြီး အခြားအကောင့်ပိုင်ရှင်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်း စခန်းမှူးဦးသန်းဝေ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁၀) တွင် “မည်သူမဆို ပုဒ်မ (၇)ပါ တားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ (၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
#Eleven_Media_Group

Comments
Post a Comment