ကော့ခပုံကျေးရွာမှ မူကြိုဆရာမအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းကူညီပေးကြရန် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတောင်းဆို

ကော့ခပုံကျေးရွာမှ မူကြိုဆရာမအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းကူညီပေးကြရန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌတောင်းဆို
❎❎❎❎❎❎❎❎⚫⚫⚫⚫⚫⚫⚫⚫
#18.7.2019

#တရားမျှတမှု၊ လူမှုဘ၀လုံခြုံစိတ်ချရမှုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေး ကြရန် ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့ပြီး အမှုမှန်ပေါ်ပေါက် ရေး အားလုံးပူးပေါင်းကူညီပေးကြရန် မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

မုဒုံ(ကော့ခပုံကျေးရွာ)မှ မူကြိုဆရာမ အသတ်ခံရမှုနှင့်ပတ်သက်ပြီး ကျန်ရစ်သူမိသားစုဝင် များနှင့် မုဒုံမြို့မရဲစခန်းမှူးတို့ကို ဇူလိုင် ၁၆ ရက်က တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် ဒေါက်တာအောင်နိုင် ဦးက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် ညနေ ၃နာရီခွဲ ခန့်တွင် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာ အရှေ့ဘက် ရေလွှဲမြောင်းအတွင်း ရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ မုဒုံအရေးပေါ်လူမှု ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်ရေးယာဉ် ဖြင့် သွားရောက်ခဲ့ရာ ကော့ခပုံကျေးရွာမှ ပျောက်ဆုံး လျက်ရှိသူ မူကြိုဆရာမ၏ အလောင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး မုဒုံမြို့မရဲစခန်းမှူး၏ အကူအညီ တောင်းခံချက်အရ၊ Dead Body အား မုဒုံဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မချမ်းသည် ရိုးသားအေး ချမ်းသူတစ်ယောက်ဖြစ်ပြီး အခြားသူများနှင့် စီးပွား ရေးအရ၊ လူမှုရေးအရ၊ ငွေရေးကြေးရေးအရ ရှုပ် ထွေးမှုမရှိကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာနှင့် လွန်ခဲ့သည့် သုံးနှစ်လောက်ကတည်းက မေတ္တာရှိခဲ့ ကြပြီးမှ အိမ်ထောင်ပြုခဲ့ကြခြင်းဖြစ်ကြောင်း၊ ရန်ငြိုးရန်စဖြစ်ရလောက်သည့် လူမှုရေး ကိစ္စများ မရှိကြောင်း၊ အိမ်ထောင်ကျပြီး နှစ်နှစ်တာအတွင်းမှာလည်း ကိုဒေါ်လာနှင့် အိမ်ထောင်ရေးအဆင်မပြေခြင်းမျိုးလည်းမရှိခဲ့ကြောင်း၊ ကိုဒေါ်လာက ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေရသည့်အတွက် ဇွန် ၁၈ရက်ကပင် ထိုင်းကိုထွက်သွားခဲ့ကြောင်း၊ နှစ်ပတ်ခန့်အကြာဇူလိုင် ၆ ရက်တွင် သူမပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆုံး အနေဖြင့် မူကြိုကျောင်းမှ မုဒုံမြို့သို့သွားရန်ကိစ္စကိုလည်း ကိုဒေါ်လာထံ Messenger မှ ဆက်သွယ်အသိပေးခဲ့ပြီး ဖုန်းနားကြပ်ဝယ်ဖို့ လည်းရှိကြောင်း၊ ၀ယ်ပြီးပါက လိုင်းပေါ်တွင် စကားပြောကြမည်ဆိုသည့်အကြောင်း ကိုဒေါ်လာအား ကြိုတင်ပြောဆိုခဲ့ကြောင်း၊ ယင်းနေ့ကမိုးချုပ်သည်အထိ လိုင်းပေါ်မှာ မတွေ့ရတော့ဘဲ ည ၁၂ နာရီခန့်မှသာ သူမပျောက်ဆုံးနေကြောင်း အိမ်က လှမ်းပြောမှ သိရှိခဲ့ရကြောင်း ခင်ပွန်းဖြစ်သူ ကိုဒေါ်လာ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူသည် မုဒုံမြို့ကိုသွားရန် ဇူလိုင် ၆ ရက် ညနေ၃နာရီခန့်က နေအိမ်မှထွက်သွားခဲ့ခြင်းဖြစ်ပြီး ကျောင်းမှ ကလေးငယ်များအတွက် သင်ကြားရေး အထောက်အကူပြု ပန်းချီကားချပ်များ ပလတ်စတစ်လောင်းရန်ဟုသိရပြီး မုဒုံမြို့ ရွှေကြယ်ကွန်ပျူတာ၊မိတ္တူဆိုင်တွင် အမှန်တကယ်သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ဆိုင်မှ မုဒုံမြို့ ဟင်္သာဈေးသို့သွားရောက်ခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဟင်္သာဈေး၌ ဆိုင်ကယ်အပ်သည့်နေရာတွင် ဆိုင်ကယ်ကိုအပ်နှံခဲ့ပြီးနောက်ပိုင်း သူမပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ညနေ ၆နာရီအထိ ပြန်ရောက်မလာသည့်အတွက် သေဆုံးသူ၏အစ်မဖြစ်သူ မသီတာ အေးနှင့် အစ်ကိုကြီးဖြစ်သူ မင်းစိုက်ထော်တို့က ရှာဖွေကြသည့်အပြင် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ ဇူလိုင် ၇ရက် နံနက် ၈နာရီတွင် မုဒုံမြို့မရဲစခန်းသို့ သွားရောက်တိုင်ချက်ဖွင့်ခဲ့ကြောင်း၊ မုဒုံဈေး၌ သူမအပ်နှံထားသည့် ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းထားကြောင်း သိရသည့်အတွက် အစ်ကိုကြီးဖြစ်သူ ကိုစိုက်ထော်က ယင်းနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ထုတ်ယူခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုဒေါ်လာသည် ဇူလိုင် ၈ ရက်တွင် ထိုင်းမှ ပြန်ရောက်လာသည့်အတွက် ပျောက်ဆုံးနေသူကိုဆက်လက်ရှာဖွေခဲ့ကြောင်း၊ ဇူလိုင် ၁၅ ရက်မှသာ သတင်းကြားရသည့်အတွက် သွားရောက်ကြည့်ရှုကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသည့်နေရာမှာ မုဒုံမြို့မှ ကော့ခပုံလမ်းဝမရောက်မီ အရှေ့ဘက် တောအတွင်း ဆည်မြောင်းအပိုင်း မြောင်းအတွင်းမှာဖြစ်ပြီး လည်ပင်းကို ကြိုးဖြင့် ပတ်ချည်ထားသည်ကိုတွေ့ရကာ အလောင်းကို အိတ်တစ်ခုထဲ ထည့်သွင်းပစ်ချခဲ့သည်ဟုယူဆရကြောင်း၊ ရက်ကြာလာသဖြင့် အိတ်ပေါက်ပြီးအလောင်းပေါ်လာခြင်းဖြစ်သည်ဟုယူဆရသည်။ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာမတွေ့ရှိရကြောင်း၊ သို့သော် နားကပ်၊ လက်စွပ်၊ လက်ကောက်စသည့် လက်ဝတ်လက်စား ရွှေထည်နှစ်ကျပ်သားနီးပါးပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

"မြို့လယ် လူစည်ကားရာနေရာမှ အဓမ္မဆွဲခေါ်လုယက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အယုံသွင်းလို့ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းလို့ဖြစ်စေ သူမစီးလာတဲ့ဆိုင်ကယ်ကိုထားရစ်ပြီး တစ်နေရာရာကိုလိုက်ပါသွားရာကနေ အခုလိုသတ်ပစ်ခြင်းခံရတယ်လို့ ရဲအဖွဲ့ကသုံးသပ်ထားပါတယ်။ ဒါကြောင့်မို့ တရားမျှတမှု၊ လူမှုဘ၀လုံခြုံစိတ်ချရမှုနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးကြဖို့ ရဲအဖွဲ့ကို တိုက်တွန်းခဲ့သလို အားလုံးလည်း ပူးပေါင်းကူညီပေးကြဖို့ တောင်းဆိုပါတယ်"ဟု မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

မူကြိုဆရာမ အသတ်ခံရမှုဖြစ်စဉ် နှင့်ပတ်သက်၍ မုဒုံမြို့မရဲစခန်းတွင် လူပျောက်မှုဖြင့် အရေးယူဆောင်ရွက်ထားရာမှ ပြစ်မှုဥပဒေပုဒ်မ-၃၀၂/၃၉၂ ဖြင့် ပြောင်းလဲရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဇူလိုင်၁၇ ရက် မွန်းလွဲပိုင်းက အတည်ပြုပြောဆိုသည်။

သတင်း - နိုင်ဝင်းစိုး
#The_Standard_Time_Daily

Comments