ရွှေပြည်သာတွင် အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲပြုလုပ်ရန် လူတစ်ကိုယ် ငွေတစ်သောင်းပေးစည်းရုံးနေ

ရန်ကုန်၊ ဇူလိုင် ၁၀
ရန်ကုန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲပြုလုပ်ရန် ကြိုတင်စီမံမှုများရှိနေပြီး ပွဲတက်ရောက်ရန် လူတစ်ယောက်ကို ငွေကျပ်တစ်သောင်းပေး စည်းရုံးမှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း(ဥပဒေကြမ်းကော်မတီဝင်ဟောင်း)ဖြစ်သူ လက်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ အကြီးပိုင်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးတင်မောင်ဦးက ပြောဆိုထားသည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင်ပြန်လည်ကျင်းပမည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃ ရက်မြောက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ပြင်ဆင်မှု အပြီးသတ်အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
“၈ ရက်နေ့ ၉ နာရီလောက်က (အမှတ် ၂၄၊ ၂၊ ၂၅၊ ၃၊ ၄၊ ၂၆) ရပ်ကွက်တွေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလူတွေရယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရယ် ဖွံ့ဖြိုးရေးလုပ်ငန်းကြည့်တယ်ဆိုပြီး အဲ့ဒီရပ်ကွက်တွေထဲသွားစည်းရုံးတယ်လို့ ကျွန်တော့်တပည့်တစ်ယောက် သတင်းပို့လာလို့ သိရတယ်။ ဒါဟို ဟုတ်မဟုတ် ဆက်စုံစမ်းတော့ ဟုတ်တယ်ဆိုတာ အတည်ပြုလို့ရပြီပေါ့နော်။ ဒီလောက်များတဲ့ ငွေကြေးကို ဘယ်ကနေ စိုက်ထုတ်သုံးစွဲမယ်ဆိုတာမသိဘူး” ဟု ဦးတင်မောင်ဦးက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းအား ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်တိုင်းအတွင်း လူထုထောက်ခံပွဲပြုလုပ်သွားမည်မှာ မှန်ကန်ပြီး လူတစ်ကိုယ် ငွေတစ်သောင်း ပေးစည်းရုံးနေခြင်းအပေါ် မှတ်ချက်ပေး ပြောဆိုလိုခြင်းမရှိကြောင်းပြန်လည်ပြောဆိုထားသည်။

Comments
Post a Comment