မြန်မာမှသည် ကမ္ဘာ့အမွေနှစ်ဒေသကြီးအဖြစ် ဂုဏ်ယူဖွယ်ရာ နှလုံးသားထဲက "ပုဂံ"
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပြီ
************************************************************************************
နေပြည်တော်
(၂၀၁၉)ခုနှစ်၊ ဇူလိုင်လ (၆)ရက်
မြန်မာနိုင်ငံတွင် ပုဂံခေတ်မှစတင်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို စတင်ယုံကြည်ကိုးကွယ်ခဲ့ ပါသည်။ ဘာသာရေးကိုအခြေခံ၍ ပုဂံခေတ်ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံများ၏ ဗိသုကာလက်ရာ၊ အင်္ဂတေပန်း၊ နံရံပန်းချီစသည့် စေတီ၊ ပုထိုးနှင့် အဆောက် အအုံများကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းစောင့်ရှောက်နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်စေရန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး တင်သွင်းဆောင်ရွက်ကြခြင်းလုပ်ငန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဒေသခံပုဂံချစ်သူများ၊ နှလုံးသားထဲမှ ပုဂံဓာတ်ပုံ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းများဖြစ်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီမံခန့်ခွဲရေး ဆိုင်ရာ အစည်းအဝေးများ၊ စာတွဲပြုစု ရေးသားရေးဆိုင်ရာ အစည်းအဝေးများ၊ GIS Data ကောက်ယူရေး လုပ်ငန်းများ၊ သုတေသနဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ ပြတိုက် သုတေသနပိုင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို (၂၀၁၄)ခုနှစ် ကတည်းက စတင်၍ ဆောင်ရွက်နေသည်မှာ ယခုအချိန်ထိဖြစ်ပါသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို တည်ရှိနေဆဲဖြစ်သော (သို့မဟုတ်) ကွယ်ပျောက် သွားခဲ့သော ယဉ်ကျေးမှုဓလေ့ (သို့မဟုတ်) မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု (သို့မဟုတ်) ပြယုဂ် တစ်ခုအနေဖြင့်ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာထင်ရှားရသော အဆင့်အတန်း (သို့မဟုတ်) ထိုထက်ပိုစွာ ဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာ လက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသား အားလုံးအသိအမှတ်ပြုလက်ခံနိုင်သော အရေးပါ ထင်ရှားမှုများ၊ ရှင်သန်နေဆဲထုံးဓလေ့များ၊ အတွေး အခေါ်များ၊ ယုံကြည်မှု၊ အနုပညာ၊ စာပေလက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ စသည့် ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ (၂၀၁၉)ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်(၁၀) ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးသို့ ယူနက်စကို ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျ ဦးဆောင်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ၊ ပုဂံကိုချစ်မြတ်နိုးသော အဖွဲ့များ၊ ပုဂ္ဂိုလ်များ၊ နှလုံးသားထဲကပုဂံဓာတ်ပုံ အနုပညာအဖွဲ့များကလည်း ၎င်းတို့စရိတ်ဖြင့်သွားရောက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်းကာ တက်ရောက်အားပေးခဲ့ကြသည်။ (၂၀၁၉)ခုနှစ်၊ ဇူလိုင်လ ( ၆ )ရက်နေ့တွင် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
6/7/2019
MORAC
5:55 PM




Comments
Post a Comment