နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍နေ့ဆွမ်းဆက်ကပ်လှူဒါန်း
☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀
#ရန်ကုန် ၁၉ ဇူလိုင်
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်၌ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။
အဆိုပါ ဆွမ်းဆက်ကပ်လှူဒါန်းရာသို့ တောင်စွန်းဆရာတော် အရှင်ဝီရိယ (ဓမ္မ ဘေရီ) အမှူးပြုသော ဆရာတော် သံဃာတော် ၁၅ ပါးကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်နှင့်ဇနီး၊ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဇနီး ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့်ဇနီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့်ဇနီး၊ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ကြသည်။
ရှေးဦးစွာ တောင်စွန်းဆရာတော် အရှင်ဝီရိယ (ဓမ္မဘေရီ)ထံမှ နိုင်ငံတော် သမ္မတနှင့်ဇနီး၊ နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပရိသတ်များက ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
(သတင်းစဉ်)
#Myanmar_News_Agency



Comments
Post a Comment