ဒဏ်ငွေ ကျပ်သန်း ၃၀၀ ကို အပြည့်အဝပေးဆောင်ပြီးဖြစ်ကြောင်း
ဒဏ်ငွေ ကျပ်သန်း ၃၀၀ ကို အပြည့်အဝပေးဆောင်ပြီးဖြစ်ကြောင်း၊ သတိပေးချက်များကိုလည်း ကောင်းမွန်စွာသိရှိနားလည်ကြောင်း MyTel ထုတ်ပြန်
------ ------ ------ ----- -----
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ချမှတ်ခဲ့သည့် ဒဏ်ကြေးငွေ ကျပ်သန်း ၃၀၀ ကို အပြည့်အဝပေးဆောင်ခဲ့ပြီဖြစ်ပြီး သတိပေးချက်များကိုလည်း ကောင်းမွန်စွာသိရှိနားလည်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆယ်သွယ်ရေး အော်ပရေတာဖြစ်သည့် Telecom International Myanmar Co., Ltd(MyTel)က ထုတ်ပြန်ခဲ့သည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်အတွက် လိုင်စင်ရရှိသူများကို ယခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့နောက်ပိုင်း အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဇူလိုင် ၁၈ ရက်စွဲဖြင့် ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် MyTel ကို ဒဏ်ငွေ ကျပ်သန်း ၃၀၀ ချမှတ်ခဲ့ကြောင်းနှင့် သတိပေးမှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါရှိခဲ့သည်။
နောက်နောင်တွင် ထိုကဲ့သို့ ကိစ္စရပ်များ မဖြစ်ပေါ်စေရေး အထူးသတိပြု ဆောင်ရွက်သွားမည်ဟုလည်း Mytel ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းကိစ္စနှင့် ဆက်စပ်၍ မေးမြန်းနိုင်ရန် MyTel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးထံ ဆက်သွယ်ရာတွင် ဆက်သွယ်၍မရရှိခဲ့ပေ။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေထံ ဆက်သွယ်မေးမြန်းရာ ဒဏ်ကြေးငွေ ပေးဆောင်ပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
MyTel သည် ဈေးနှုန်းနှင့် အခွန်စည်းကြပ်မှုဆိုင်ရာမူဘောင် (Pricing and Tariff Regulatory Framework) ပါ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့ပြီး လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၄၁(က)(၃)နှင့် လုပ်ငန်းလိုင်စင်အပိုဒ် 4.7(d)(iii)တို့အရ ဒဏ်ငွေ ကျပ်သန်း ၃၀၀ တိတိကို မတ် ၁၉ ရက်တွင် ချမှတ်ခံခဲ့ရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
MyTelသည် လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်းနှင့် Coverage တွက်ချက်ရာတွင် အသုံးပြုရမည့် Site Data မှန်ကန်စွာ ပေးပို့တင်ပြမှုမရှိခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ မေ ၁၇ ရက်တွင် သတိပေးခြင်းခံခဲ့ရပြီး Pricing and Tariff Regulatory Frameworkပါ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ ဇွန် ၁၉ ရက်တွင် ထပ်မံသတိပေးခြင်းခံခဲ့ရကြောင်းလည်း ဖော်ပြခဲ့သည်။
Telenor Myanmar Limited ကိုလည်း Pricing and Tariff Regulatory Framework ပါ ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ ဇွန် ၁၉ ရက်တွင် သတိပေးခဲ့ပြီး တခြားဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်သည့် Amara Communications Co.,Ltd ကိုလည်း ခွင့်ပြုချက်မရဘဲ မိုက်ခရိုဝေ့ဗ်လင့်ခ် အသုံးပြုခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇(က) စီမံခန့်ခွဲရေး နည်းလမ်းအရ မေ ၆ ရက်တွင် သတိပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
မင်းထင်
Credit

Comments
Post a Comment